အင်တာနက်ဆင်ဆာကျော်လွှား နည်းအသွယ်သွယ်များ
ar en es fa fr ru vi zh

အင်တာနက်ဆင်ဆာ ကျော်လွှားခြင်းနှင့် လုံခြုံရေး

မိမိ၏ လှုပ်ရှားမှုများနှင့် နောက်ဆက်တွဲဖြစ်နိုင်ခြေများပေါ် မူတည်၍ လိုအပ်သော လုံခြုံရေးဆိုင်ရာနည်းလမ်းများမှာ ကွဲပြားပါသည်။ မိမိအဖို့ အန္တရယ် မရှိနိုင်ဘူးဆိုရင်တောင်မှ လိုက်နာသင့်သည် လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များရှိပါသည်။ အင်တာနက်တွင် တားမြစ် ပိတ်ဆို့မှုများရှိခြင်းကြောင့် အွန်လိုင်းအသုံးပြုရာတွင် လုံခြုံမှုရှိစေရန် ပိုပြီးလုံ့လစိုက်ထုတ်ရန်လိုအပ်ပါလိမ့်မည်။ နည်းပညာအသစ်၊ အဟောင်း ၊ သို့မဟုတ် လူကိုယ်တိုင်စုံစမ်းထောင်လှမ်း ခြိမ်းခြောက်မှုများ စသည်တို့ကို ရင်ဆိုင်နိုင်ပြီး ထိုအခြေအနေအရပ်ရပ်တို့သည်လည်း အမြဲပြောင်းလဲနိုင်ပါသေးသည်။

လုံခြုံရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ

ကွန်ပျူတာရှိတဲ့လူတိုင်း လုံခြုံရေးအတွက် လိုက်နာသင့်သည့် အဆင့်များရှိပါသည်။ ကိုယ့်ကွန်ရက်ထဲမှာ ရှိတဲ့ လှုပ်ရှားတတ်ကြွသူများနှင့်သတ်ဆိုင်သော အချက်အလက်များကို ကာကွယ်ခြင်း သို့မဟုတ် ကိုယ့်ကရက်ဒစ်ကဒ်နံပတ် ကိုလုံခြုံအောင် ထိန်းသိမ်းခြင်း စသည်ဖြင့် ရည်ရွယ်ချက်ကွဲပြားနိုင်သော်လည်း လိုအပ်တဲ့ tools အချို့မှာ အတူတူပင်ဖြစ်ပါသည်။

ပြီးပြည့်စုံတဲ့ လုံခြုံမှုရှိပါတယ်လို့ အာမခံတဲ့ ပရိုဂရမ်များကိုတော့ သတိထားသင့်ပါသည်။ အွန်လိုင်းလုံခြုံရေး ဆိုသည်မှာ ကောင်းမွန်တဲ့ ဆော့ဝဲများအပြင့် လူ့ဆင်ခြင်တုံတရားပါ အတူပေါင်းစီးဖို့လိုအပ်ပါလိမ့်မည်။ ဘယ်အရာကို အွန်လိုင်းပေါ်တင်သင့်မတင်သင့်၊ ဘယ့်သူကိုယုံကြည်သင့် မယုံကြည်သင့် စသည်ဖြင့် နည်းပညာတစ်ခုတည်းဖြင့် ဖြေဆိုလို့မရတဲ့ မေးခွန်းများစွာရှိပါသည်။ ၄င်းပရိုဂရမ်တို၏့ ဝက်ဆိုက်ပေါ်တွင် ထို tools နှင့်ပတ်သတ်၍ လစ်ဟာချက်များ သတိပြုရန်အချက်များ စသည်တို့ကိုဖော်ပြထားခြင်း - အသုံးပြုပြီးသူများ၏ မှတ်ချက်များကို ဖော်ပြထားခြင်းများ ရှိသည့် tools များကို ရွေးချယ်အသုံးပြုသင့်ပါသည်။

မိမိတို့၏  Operating System ကိုအမြဲ update လုပ်ပါ။ Operating Systems developers များအနေဖြင့် အချိန်နှင့်အမျှ install ပြုလုပ်ရန် Updates များကို ထုတ်ပေးပါလိမ့်မည်။ Update ပြုလုပ်ရာတွင် အလိုအလျှောက် update ပြုလုပ်ခြင်းများဖြစ်နိုင်သလို update ပြုလုပ်ရန် command တခုရိုက်သွင်းခြင်း သို့မဟုတ် မိမိတို့၏ system အား အနည်းငယ်ပြောင်းလဲပေးခြင်း စသည်တို့ပြုလုပ်ရန်လိုအပ်ပါသည်။ တချို့ update များသည် မိမိတို့၏ ကွန်ပျူတာအား စွမ်းဆောင်မှု ပိုကောင်းအောင်ပြင်ဆင်ပေးခြင်းများရှိသလို တချို့ update များသည် ကွန်ပျူတာ၏ လုံခြုံရေးနှင့် သက်ဆိုင်သော ဟာကွက်များအား ပြုပြင်ပေးခြင်းများရှိပါသည်။ တိုက်ခိုက်သျများအနေဖြင့် လုံခြုံရေးဆိုင်ရာဟာကွက်များကို ဖော်ထုတ်ရာတွင် မြန်ဆန်သောကြောင့် (တခါတလေတွင် update မလုပ်နိုင်ခင်ပင် ရှာဖွေသွားနိုင်ပါသည်) ထိုဟာကွက်များကို အလျင်အမြန်ပြင်ဆင်သည့်သည်မှာ အလွန်အရေးကြီးပါသည်။

Microsoft Windows ကိုအသုံးပြုပါက anti-virus ဆော့ဝဲထည့်သွင်းပြီး အမြဲ update လုပ်ပါ။ Malware ဆိုသည်မှာ ဒေတာအချက်အလက်များကို ခိုးရန် သို့မဟုတ် မိမိစက်အား အခြားရည်ရွယ်ချက်တခုခုဖြင့် အသုံးချနိုင်ရန် ရေးသားထားသော ဆော့ဝဲတစ်မျိုးဖြစ်ပါသည်။ Virus ၊ Malware စသည်တို့သည် ကွန်ပျူတာတွင်း မိမိတို့မသိအောင် ဝင်ရောက်ပြင်ဆင်မှုများလုပ်နိုင်ပါသည်။ ၄င်းတို့သည် အီးမေးမှတဆင့်၊ ကိုယ်သွားခဲ့သော ဝက်ဆိုက်မှတဆင့် သို့မဟုတ် မသင်္ကာဖွယ်မရှိသော ဖိုင်အစိတ်အပိုင်းများမှ တဆင့်ဝင်ရောက်လာနိုင်ပါသည်။ Anti-virus ထုတ်လုပ်သူများအနေဖြင့် အသစ်အသစ်သော ခြိမ်းခြောက်မှုများကို အမြဲလေ့လာစမ်းစစ်ပြီး ထို virus, malware စသည်တို့အား ကွန်ပျူတာမှ သိရှိပိတ်ပင်နိုင်ရန် စာရင်းများပြုလုပ်ရပါသည်။ ထို့ကြောင့် anti-virus ဆော့ဝဲအား အသစ်အသစ်သော virus, malwares များကို သိရှိနိုင်ရန် အမြဲ Update လုပ်ပေးရန်လိုအပ်ပါသည်။

လုံခြုံစိတ်ချရသော password များကိုအသုံးပြုပါ။ အကြမ်းဖက်ခြိမ်းခြောက်ပြီးတောင်းဆိုမှုကိုတော့ ဘယ်လို password မျိုးကမှ မကာကွယ်နိုင်သော်လည်း မှန်းဆရခကခဲသော password များပေးထားခြင်းဖြင့် ကိုယ့် password လုံခြုံရေးကိုမြှင့်တင်နိုင်ပါသည်။ အက္ခရာ၊ နံပါတ်၊ punctuation များရောနှောထားသော password ကိုသုံးပါ။ အက္ခရာ အကြီးအသေး နှစ်မျိုးစလုံးကိုလည်းသုံးပါ။ မှန်းဆရန်လွယ်ကူတဲ့ မိမိနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေ၊ မွေးနေ့၊ တယ်လီဖုန်းနံပါတ်စတာတွေကို password အဖြစ်အသုံးမပြုပါနှင့်။

အခမဲ့လွတ်လပ်ဆော့ဝဲ (Free and open source softwares) FOSS များကိုအသုံးပြုပါ။ Open source software များသည် အသုံးပြုနိုင်ဆဲ အချိန်မှာတွင် အသုံးပြုသူများ softwares အင်ဂျင်နီယာများ က၄င်းနှင့်ပတ်သတ်သော တိုးတတ် ပြောင်းလဲသင့်သည်များကိုလည်း ပြုပြင် ပြင်ဆင်လျှက်ရှိကြပါသည်။ Open Source Software များသည် ဈေးနှုန်းကြောင့်ဖြစ်စေ၊ တင်သွင်းခွင့်များကြောင့်ဖြစ်စေ ကျွန်ုပ်တို့ အသုံးပြုရသော တရားမဝင် ဆော့ဝဲများထက် လုံခြုံရေးပိုင်းဆိုင်ရာ အားသာချက်အများကြီးရှိပါသည်။ တရားမဝင် ဆော့ဝဲများအတွက် update များကို ပြုလုပ်နိုင်တယ်ဆိုတောင်မှ ၄င်း update file များကိုရှာရန်အတွက် စိတ်ချမှုမရှိနိုင်သော လုံခြုံရေး အာမမခံနိုင်သော ဝက်ဆိုက်အမြောက်အများကို သွားရောက်ရှာဖွေရပါသည်။ Open Source software များကိုတော့ ထုတ်လုပ်သူများကိုယ်တိုင် အခမဲ့ဖြန့်ချီထားခြင်းဖြစ်ပါသည်။ အကယ်၍ လုံခြုံရေးပိုင်းဆိုင်ရာ အားနည်းချက်များ ရှိပါက အသုံးပြုသူ စိတ်ဝင်စားသူများမှ ထောက်ပြနိုင်ပြီး software အင်ဂျင်နီယာများမှလည်း အလျင်အမြန် ဖြေရှင်းပေးနိုင်ကြပါလိမ့်မည်။

ကိုယ့်ရဲ့ တည်နေရာကို ဖွက်ပေးနိုင်တဲ့ software တွေကိုသုံးပါ။ အင်တာနက်ချိတ်ဆက်မှုရှိတဲ့ ကွန်ပျူတာတိုင်းမှာ IP လိပ်စာဆိုတာရှိပါတယ်။ လူအများသုံးနိုင်တဲ့ “whois” ဝက်ဆိုက်တွေမှာ IP လိပ်စာကိုရိုက်ထည့်လိုက်ရင်တောင် ကိုယ်ဘယ်နေရာမှာ သုံးနေတယ်ဆိုတာ အနီးစပ်ဆုံးသိနိုင်ပါတယ်။ Proxy တွေ၊ VPN နဲ့ Tor တွေက ကိုယ့်ရဲ့ ကွန်နက်ရှင်ကို ကမ္ဘာအဝှမ်းမှာရှိတဲ့ ဆာဗာတစ်ခု ကနေ ၃ ခုအထိ ဖြတ်သွားစေပါတယ်။ ဆာဗာတစ်ခုတည်းကနေ ဖြတ်သွားမယ်ဆိုရင် တော့ ကိုယ့် ISP နဲ့မခြား မိမိဘာတွေသွားလည်းဆိုတာ အဲ့ဒီ့ဆာဗာက သိနိုင်ပါတယ်။ ကိုယ်အသုံးပြုတဲ့ proxy ကိုတော့ ISP ထက်တော့ ပိုယုံကြည်မှုရှိနိုင်ပေမယ့် ဆာဗာတစ်ခုတည်းကို

သာဖြတ်သန်းသွားရရင် ရင်ဆိုင်နိုင်တဲ့ အန္တရယ်တွေကတော့ ရှိတာ အတူတူပါပဲ။ Proxy, Tor နဲ့ VPN တို့အကြောင်းရေးသားထားသော section တွင် ထိုအန္တရယ်များအကြောင်းကို ပိုမိုလေ့လာနိုင်ပါသည်။

Live CD တွေ Bootable USB တွေကိုသုံးပါ။ (OS တစ်ခုလုံးကို CD သို့မဟုတ် USB စတစ်မှ တစ်ဆင့် စက်ထဲသို့ install လုပ်စရာမလိုပဲ သုံးခြင်း) အများသုံးကွန်ပျူတာတစ်လုံး သို့မဟုတ် စက်ထဲမှာ ကိုယ်ဘာတွေလုပ်ခဲ့တယ်ဆိုတာ ခြေရာ မကျန်စေချင်ရင် protable သုံးနိုင်တဲ့ Linux OS ရှိပါတယ်။

Portable program တွေကိုသုံးပါ။Windows တင်ထားတဲ့စက်မှာ  USB စတစ်မှတဆင့် အလုပ်လုပ်တဲ့ အင်တာနက်ပိတ်ဆို့ကျော်လွှား ဆော့ဝဲတွေရှိပါတယ်။

ကိုယ့်ကိုကိုယ် အမြဲ Update လုပ်ပါ။ နည်းပညာတစ်မျိုး ဆော့ဝဲတစ်မျိုးက ဒီနေ့အလုပ်လုပ်ပေမယ့် မနက်ဖြန် အလုပ်လုပ်ချင်မှ လုပ်မှာပါ။ လုံခြုံချင်မှ လုံခြုံမှာပါ။ တကယ်လို့ အခုချက်ချင်းကြီးမလိုသေးရင်တောင် အချက်အလက်တွေ ဘယ်မှာရှိလည်းဆိုတာ သိနေပါစေ။ တကယ်လို့ ၄င်းတို့ ဝက်ဆိုက်ကိုပိတ်လိုက်တဲ့အခါမှာ ကိုယ်အသုံးပြုတဲ့ software provider အနေနဲ့ တခြားဘယ်လိုနည်းလမ်းများဖြင့် အကူအညီတွေပေးနေလည်းဆိုတာလေ့လာထားပါ။

လူမှုဆက်သွယ်ရေးကွန်ရက် (Social networking site) များကိုလုံခြုံအောင်သုံးခြင်း

လွတ်လပ်မှုမရှိတဲ့ တိုင်းပြည် ဖိနိပ်မှုရှိတဲ့တိုင်းပြည်တွေမှာ လူမှုကွန်ရက်တွေကို အစိုးရမှ စောင့်ကြည့်လေ့လာမှုတွေပြုလုပ်လာကြသည်မှာ ခြိမ်းခြောက်မှုတစ်ခုဖြစ်ပါသည်။ အထူးသဖြင့် လူမှုကွန်ရက်များသုံးကာ လူမှုအဖွဲ့အစည်းလှုပ်ရှားမှုတွေ၊ အွန်လိုင်းလှုပ်ရှားမှုတွေ သို့မဟုတ် citizen journalist လှုပ်ရှားမှုများ အတွက် ထိုလူမှုကွန်ရက်များကို အသုံးပြုသောအခါ စောင့်ကြည့်လေ့လာခံရတတ်ပါသည်။

လူမှုကွန်ရက်တွေနဲ့ ပတ်သတ်တဲ့ အရေးကြီးတဲ့ အချက်တချက်တော့ ကိုယ့်ရဲ့ပုဂ္ဂလိက အချက်အလက်တွေ၊ ကိုယ့်လှုပ်ရှားမှုတွေ ကိုယ့်အဆက်အသွယ် အကြောင်းတွေကို တခြားသူတွေပါ access လုပ်လို့ရနေတာပါပဲ။ နည်းပညာမြင့်မားလာသည်နှင့်အမျှ ဒီလူမှုကွန်ရက်တွေကို ဖုန်းတွေကပါတဆင့် အသုံးပြုလို့ရလာတဲ့အတွက် အသုံးပြုသူတွေရဲ့ တည်နေရာကိုပါ အချိန်နှင့်အမျှဖော်ထုတ်လာနိုင်သောကြောင့် အန္တရယ်လည်းရှိလာနိုင်ပါတယ်။

ထိုကြောင့် အရေးကြီးသော ပြင်ဆင်ချက်များ ပြုလုပ်ထားသင့်ပါတယ်။ ကျွန်ုပ်တို့အနေဖြင့်-

  • ကိုယ်သုံးသော လူမှုကွန်ရက်၏ မူလပါသော privacy settings အစား ပိုမိုအားကောင်းသော privacy setting များအဖြစ်ကိုပြင်ဆင်ပါ

  • ဘယ်သူတွေနဲ့ဘယ်လိုအချက်အလက်တွေဝေမျှနေတယ်ဆိုတာ သေသေချာချာသိအောင်လုပ်ပါ

  • လူမှုကွန်ရက်မှာပါသော geolocation (တည်နေရာ) နှင့်ပတ်သတ်သော setting ကိုသိရှိ၍ ပြောင်းလဲသင့်ပါက ပြောင်းလဲပါ

  • အမှန်တကယ်သိပြီး ယုံကြည်ရသူများသာ ကိုယ့်မိတ်ဆွေ စာရင်း (network) ထဲသို့လက်ခံပါ

  • ဝေမျှလိုက်သော ကိုယ့်ပုဂ္ဂလိက အချက်အလက်တွေကို လုံခြုံအောင်ထိန်းသိမ်းထားနိုင်သော ကျွမ်းကျင်သူများကိုသာ ကိုယ့် network ထဲသို့လက်ခံပါ။ သို့မဟုတ် လုံခြုံစွာ ထိန်းသိမ်းနိုင်အောင် သင်ကြားပေးပါ။

  • ဒါပေမယ့် ဘယ်လောက်ကျွမ်းကျင်တဲ့လူဖြစ်ပါစေ  အကြမ်းဖက်ခြိမ်းခြောက်ပြီး ကိုယ့်အချက်အလက်တွေကိုတောင်းခံလာပါက ပေးမိသွားနိုင်ပါသည်။ ထို့ကြောင့် ဘယ်သူ့ကို ဘယ်အချက်အလက်တွေ ပေးနေသလည်းဆိုတာကို သေချာ ကန့်သတ်ထားရန်လိုအပ်ပါသည်။

  • အင်တာနက်ပိတ်ဆို့ကျော်လွှား tools တွေသုံးပြီး လူမှုကွန်ရက်တွေကို သုံးနေတယ်ဆိုပေမယ့် ကိုယ်ရေးကိုယ်တာနှင့် ပတ်သတ်သော လုံခြုံမှုကိုတော့ ပေးနိုင်မှာမဟုတ်ဘူးဆိုတာ သိထားဖို့လိုအပ်ပါတယ်။

Privacy Rights Clearinghouse မှထုတ်ဝေသော “Social Networking Privacy:How to be Safe, Secure and Social” ": http://www.privacyrights.org/social-networking-privacy/#general-tips တွင်ပိုမိုပြည့်စုံအောင် ဖတ်ရှုနိုင်ပါသည်။

အွန်လိုင်းဆင်ဆာဖြတ်တောက်ထားသော လူမှုရေးကွန်ရက်အား မည်သို့ဝင်ရောက်မည်နည်း

A

ရှေ့မှာဖော်ပြမည့်အတိုင်း ဝက်ဆိုက်များကိုဝင်ရာတွင် HTTPS ကိုသုံးရန်မှာ အရေးကြီးပါသည်။ ကိုယ်သုံးသော လူမှုကွန်ရက်က HTTPS ကိုသုံးခွင့်ပြုပါက HTTPS ကိုချွင်းချက်မရှိသုံးပြီး default setting ထားထားရန်လည်း လိုအပ်ပါသည်။ ဥပမာ- Facebook တွင် အမြဲ HTTPS ကိုသုံးမည်ဆိုပါက Account Settings > Account Security > Secure Browsing (https) တွင် setting ချိန်နိုင်ပါသည်။ တစ်ချို့နေရာတွေမှာဆိုရင် https ကိုသုံးချင်းအားဖြင့် ပိတ်ထားသော ဝက်ဆိုက်များကိုဝင်ရောက် နိုင်ပါသည်။ ဥပမာ- မြန်မာပြည်တွင် http://twitter.com ကိုပိတ်ထားပြီး https://twitter.com ကိုတော့ ဝင်လို့ရနိုင်ပါသည်။ မိမိ၏ လုံခြုံရေးကိုလည်း ကောင်းစေရမယ် ၊ အွန်လိုင်းဆင်ဆာ ပိတ်ထားသော လူမှုကွန်ရက် ကိုလည်းဝင်ရောက်ချင်တယ်ဆိုပါက SSH tunnel, VPN စသည်တို့က web proxy တခုထက် ပိုပြီးလုံခြုံမှုရှိစေပါတယ်။ ဒါပေမယ့် Tor လိုမျိုး anonymity (အမည်ဝှက်) tools ကိုသုံးတယ်ဆိုရင်တောင် လူမှုကွန်ရက်တွေပေါ်မှာ ကိုယ့်ရဲ့ အချက်အလက်တွေ အဆက်အသွယ်တွေ၊ လူမှုဆက်နွယ်ပုံတွေကို ဖော်ထုတ်ဖို့ လွယ်ကူစေပါတယ်။

အများသုံးကွန်ပျူတာ အသုံးပြုရာအတွက် လုံခြုံရေး

ကမ္ဘာလူဦးရေ၏ သိသာထင်ရှားသောလူဦးရေနှုန်း အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သူများအဖို့ ကိုယ်ပိုင်အင်တာနက်မရှိကြပါ။ အကြောင်းမှာ အင်တာနက်ဈေးနှုန်းမြင့်မားသောကြောင့် ၄င်း၊ ကွန်ပျူတာပစ္စည်းများ လိုအပ်သောကြောင့်၎င်း ဆက်သွယ်ရေးဆိုင်ရာ အခက်အခဲများကြောင့် ၄င်း၊ လျှပ်စစ်ပိုင်းဆိုင်ရာအခက်အခဲများကြောင့် ၄င်း ဖြစ်နိုင်ပါသည်။

ထိုလူများအဖို့ အင်တာနက်ကို အဆင်ပြေပြေ ငွေရေးကြေးရေးသက်သက်သာသာဖြင့် သုံးနိုင်သောတခုတည်းသော နည်းလမ်းသည် အများသုံး အင်တာနက်ဖြင့် သုံးခြင်းဖြစ်ပါသည်။ အင်တာနက် ကဖေးများ၊ PAC များ၊ ကျောင်းများ၊ စာကြည့်တိုက်များ တွင်သုံးခြင်းတို့ကို ဆိုလိုပါသည်။

အများသုံးကွန်ပျူတာ သုံးရခြင်း၏ အဓိက ကောင်းကျိုးများ

အများသုံးကွန်ပျူတာဖြင့် အင်တာနက်သုံးရာတွင် ကောင်းကျိုးများစွာရှိပါသည်။

  • ဝန်ထမ်းများ တခြားအသုံးပြုသူများထံမှ အင်တာနက်ပိတ်ဆို့ကျော်လွှားနည်းများ အကြောင်း အကူအညီတောင်းခံရယူနိုင်ပါသည်။

  • အင်တာနက်ပိတ်ဆို့ကျော်လွှား ဆော့ဝဲများ အဆင်သင့်အသုံးပြုနိုင်ရန် ထည့်သွင်း ထားပြီးသားဖြစ်နိုင်ပါသည်။

  • တခြားအသုံးပြုသူများထံမှတဆင့် အင်တာနက်ဆင်ဆာ ပိတ်ထားသော ဝက်ဆိုက်များပေါ်မှ အချက်အလက်များအကြောင်းကို အခြားသော offline နည်းလမ်းများဖြင့် သိရှိနိုင်ခြင်း။

  • ကွန်ပျူတာ စင်တာတခု၏ ပုံမှန်အသုံးပြုသူတစ်ယောက်လည်းမဟုတ်၊ အင်တာနက်အသုံးပြုရန်အတွက် ကိုယ်ရေးအချက်အလက်များကိုလည်း ပေးရန်မလို၊ အွန်လိုင်းတွင်လည်း နာမည်အရင်းကိုအသုံးမပြုပါက အွန်လိုင်းလှုပ်ရှားမှုကိုအခြေတည်၍ ထိုသူအား ခြေရာကောက်စုံစမ်းရန်မှာ မလွယ်ကူလှပါ။

အများသုံးကွန်ပျုတာများ သုံးခြင်း၏ အန္တရာယ်များ

အများသုံးနေရာတွေမှာ အင်တာနက်သုံးတယ်ဆိုတာက ကိုယ့်အတွက်လုံခြုံတယ်၊ သိုဝှက်တယ်လို့ပြောလို့မရပါဘူး။ များသောအားဖြင့် ဆန့်ကျင်ဘက်ဖြစ်တတ်ပါတယ်။

  • ကွန်ပျူတာပိုင်ရှင် သို့မဟုတ် ကိုယ့်အရှေ့ကသုံးသွားတဲ့လူက ကိုယ်လုပ်သမျှတွေ ကိုယ်ရိုက်တဲ့ password တွေကို ဖမ်းယူတဲ့ ပရိုဂရမ်တွေ လွယ်ကူစွာ ထည့်ထာါး်နိုင်ပါတယ်။ လုံခြုံရေးနှင့်ပတ်သတ်သော ဆော့ဝဲများ ကိုလည်း အလုပ်မလုပ်နိုင်အောင် ပြုပြင်ထားနိုင်ပါသေးတယ်။

  • မြန်မာ၊ ကျူးဘား တို့ကဲ့သို့သော နိုင်ငံများမှာ အင်တာနက်အသုံးပြုသူများအနေဖြင့် အင်တာနက်ဆိုင်ကို မိမိတို့ရဲ့ နိုင်ငံသားကဒ်ပြား ပါ့စပို့စတာတွေနှင့် မှတ်ပုံတင်ဖို့လိုအပ်ပါတယ်။ ထိုအချက်အလက်တွေကို အင်တာနက်အသုံးပြုသူတွေရဲ့ အင်တာနက်အသုံးပြုမှုမှတ်တမ်းနှင့်တကွ တွဲသိမ်းထားတတ်ပါတယ်။

  • ကွန်ပျူတာမှ အသုံးပြုခဲ့မျှ အချက်အလက်တွေကို မှတ်တမ်းတင်ထားနိုင်ပါတယ်။ (အင်တာနက် အသုံးပြုမှု၊ ဒေါင်းလုပ်ချသောဖိုင်များ.. စသည်ဖြင့်)

  • အသုံးပြုသူတွေရဲ့စက်ထဲမှာ ဆော့ဝဲ၊ ဟာဒ့်ဝဲ keylogger တွေကိုထည့်သွင်းထားနိုင်ပါတယ်။ ထို keylogger များသည် ရိုက်သမျှ လက်ကွက်များ၊ password များ ကို အင်တာနက်ပေါ်မရောက်နိုင်ခင်တောင် ဖမ်းယူနိုင်ပါသည်။ ဗွီယက်နမ်တွင် ဗွီယက်နမ်အက္ခရာကို ရိုက်ထည့်ရန် အသုံးပြုနိုင်သော virtual keyboard တစ်ခုသည် အင်တာနက်ဆိုင်များ အများသုံး ကွန်ပျူတာစင်တာများတွင် အသုံးပြုသူများ၏ ရိုက်သမျှ အကြောင်းအရာများကို အစိုးရမှ စောင့်ကြည့်လေ့လာရန် အသုံးချထားသည်။

  • အသုံးပြုသူတွေရဲ့ screen တွေကိုလည်း အချိန်နှင့်အမျှ ပုံရိပ်ဖမ်းထားတဲ့ ဆော့ဝဲတွေလည်းရှိနိုင်ပါတယ်၊ သို့မဟုတ် CCTV မှတဆင့်စောင့်ကြည့်ခြင်း၊ သို့တည်းမဟုတ် လူကိုယ်တိုင်စောင့်ကြည့်ခြင်း (အင်တာနက်ဆိုင်ဝန်ထမ်းများမှ ) များပြုလုပ်နိုင်ပါသည်။

အင်တာနက်ဆင်ဆာနှင့် အများသုံးကွန်ပျူတာများ

အများသုံးအင်တာနက်စင်တာများတွင် စောင့်ကြည့်လေ့လာမှုများအပြင်၊ ကန့်သတ်ထားသော အင်တာနက်ကွန်နက်ရှင်များ၊ တခြားသောနည်းလမ်းများ အင်တာနက်ပိတ်ဆို့ကျော်လွှားခြင်းကို တားဆီးမှုများ ရှိပါသည်။

  • မြန်မာနိုင်ငံတွင် အင်တာနက်ဆိုင်ပိုင်ရှင်များသည် ဥပဒေနှင့်ငြိစွန်းသော ဝက်ဆိုက်များမကြည့်ရဟူ၍ နံရံကပ် ပိုစတာ ကပ်ထားကြသည်။

  • အင်တာနက်ဆိုင်များကိုယ်၌က ဆော့ဝဲများအသုံးပြုကာ ဝက်ဆိုက်များ service များကို ထပ်လောင်း ပိတ်ပင်ထားခြင်းမျိုး လုပ်နိုင်ပါသည်။

  • အသုံးပြုသူများအနေဖြင့်လည်း ပတ်ဝန်းကျင်အနေအထားကြောင့် အင်တာနက်ဆင်ဆာ ပိတ်ဆို့ထားသော ဝက်ဆိုက်များကို ကြည့်ရမှာ ဝန်လေးလာကြပါတယ်။ မိမိကိုယ်ကိုယ် censor လုပ်ဖို့တွန်းအားပေးသလိုဖြစ်တတ်ပါတယ်။

  • ကွန်ပျူတာများကိုလည်း ဆော့ဝဲတွေထည့်သွင်းလို့မရအောင် နှင့် USB stick တွေအသုံးပြုလို့မရအောင် ပြုလုပ်ထာပါးနိုင်ပါတယ်။ ကျူးဘားမှာဆိုရင် အစိုးရကနေ အင်တာနက်ဆိုင်များတွင် ထိန်းချုပ်အသုံးပြုရန် AvilaLink ဆိုသော ဆော့ဝဲကို ပေးထားပါသည။ ထိုဆော့ဝဲသည် USB stick မှတဆင့် ဆော့ဝဲများသွင်းခြင်းကို တားမြစ်ပေးပါသည်။

  • ဆင်ဆာကျော်တဲ့ tools တွေကို ထည့်သုံးလို့ရတဲ့ browsers တွေပိတ်ထားပြီး Internet Explore တစ်ခုတည်း ဖွင့်ပေးထားတာမျိုးတွေရှိနိုင်ပါသည်။

အွန်လိုင်းလုံခြုံရေးနှင့် ဆင်ဆာကျော်လွှားခြင်းအတွက်အလေ့အကျင့်ကောင်းများ

ကိုယ်သုံးနေရသော အများသုံးကွန်ပျူတာစင်တာများပေါ်မူတည်၍ အောက်ပါအချက်များကို လေ့လာထားနိုင်ပါသည်။

  • အထက်တွင်ဖော်ပြထားသည့်အတိုင်း စောင့်ကြည့်လေ့လာမှုများအတိုင်းအတာကို လေ့လာပါ။ (လုံခြုံရေးကင်မရာ၊ လူကိုယ်တိုင်စောင့်ကြည့်လေ့လာခြင်း၊ keylogger ဟုခေါ်သော ကီးဘုတ်တွင်ကိုယ်ရိုက်သမျှဒေတာများကို စောင့်ကြည့်သိုမှီးခြင်းများ)

  • အင်တာနက်ဆင်ဆာကျော်လွှားသည့် tools များအား USB stick မှတဆင့်သာ run ပါ။

  • Live CD ဖြင့် run သော ကိုယ် ကွန်ထရိုး လုပ်နိုင်သော OS ဖြင့်သုံးပါ။

  • အစဉ်တစိုက် စောင့်ကြည့်လေ့လာမှုများအား ရှောင်ရှားရန် အင်တာနက်ဆိုင် ခဏခဏပြောင်းသုံးပါ၊ သို့မဟုတ် ကိုယ်ယုံကြည်စိတ်ချရသော ဆိုင်တစ်ဆိုင်တွင်သာ အစဉ်အမြဲသုံးပါ။

  • အင်တာနက်ဆိုင်တွင် အများသုံးကွန်ပျူတာများ သုံးမည့်အစား မိမိကိုယ်ပိုင် laptop ကိုယူသွားပါ။

လုံခြုံရေးနှင့် HTTPS

ပိတ်ဆို့မှုများရှိသော အချို့နက်ဝေါ့များသည် keyword (စကားလုံးအလိုက်) စီစစ်ခြင်းဖြင့် အဓိက ပိတ်ဆို့တတ်ပါသည်။ ဥပမာ-ထိုကွန်ရက်များသည် နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့်ပတ်သတ်၍ ၄င်းတို့မလိုလားသော စကားလုံးများအလိုက် ပိတ်ဆို့မှုများပြုလုပ်နိုင်ပါသည်။ ထိုသို့ပိတ်ဆို့မှုကို နည်းပညာဆိုင်ရာချို့ယွင်းချက်သယောင်လည်း ပြုလုပ်တတ်ပါသည်။ ဥပမာ- ကိုယ်ရှာလိုက်သောစကားလုံးတစ်ခုခုကို မရှာစေချင်ပါက နည်းပညာချို့ယွင်းချက်တစ်ခုခုဖြစ်သယောင် ပြသလာပါလိမ့်မည်။ ထိုအခါ အသုံးပြုသူအနေဖြင့် ဆင်ဆာဖြတ်တောက်ခြင်းအား အပြစ်မတင်ဖြစ်တော့ပါ။

အင်တာနက်ဆက်သွယ်မှု လမ်းကြောင်းပါ အချက်အလက်များအား ဝှက်စာ (encrypt) မလုပ်ထားပါက ISP ရှိ ကွန်ရက်ပစ္စည်းကိရယာများဖြစ်သော routers များ firewalls များမှ ဖတ်နိုင်ပြီး စကားလုံး ကိုအခြေခံသော ပိတ်ဆို့မှုများကို ပြုလုပ်နိုင်ပါလိမ့်မည်။ ထိုသို့ ဆက်သွယ်မှုလမ်းကြောင်းများကို ဝှက်ထားခြင်းအားဖြင့် နက်ဝေါ့ကိရိယာများက ဆက်သွယ်သော စကားလုံးအချက်အလက်ကို ဖတ်ရန်မဖြစ်နိုင်တော့သောကြောင့် ဆင်ဆာဖြတ်တောက်ရန် ခက်ခဲပါလိမ့်မည်.

ဝှက်စာ (encrypt) ပြုလုပ်ခြင်းဖြင့် မိမိ၏ ဆက်သွယ်ရေးလမ်းကြောင်းများကို လုံခြုံစေရုံသာမက နက်ဝေါ့ဆိုင်ရာပစ္စည်းများ ဝင်ရောက်ထောက်လှမ်းခြင်းမှ ကာကွယ်ပေးနိုင်ပါလိမ့်မည်။

HTTPS ဆိုသည်မှာအဘယ်နည်း

HTTPS ဆိုသည်မှာ ဝက်ဆိုင်တွေကိုကြည့်ရာတွင်အသုံးပြုသည့် စနစ် ဖြစ်သောHTTP ၏ လုံခြုံသော ဗားရှင်းဖြစ်ပါသည်။ ၄င်းသည် ဝက်ဆိုင်များကိုကြည့်ရာတွင် ကြားမှထောက်လှမ်း ကြားဖြတ်ခြင်းများမပြုလုပ်နိုင်အောင် လုံခြုံရေးအဆင့်မြှင့်ပေးထားပါသည်။ HTTPS ကိုအသုံးပြုခြင်းအားဖြင့် ကွန်ရက်အော်ပရေတာများမှ ဝက်ဆိုက်၏ ဘယ်နေရာကိုအသုံးပြုနေသည်၊ ဘယ်လိုအချက်အလက်များ ပေးပို့ရယူနေသည်ဆိုတာကို ထောက်လှမ်းခြင်းမှ ကာကွယ်ပေးပါသည်။ HTTPS အားနာမည်ကြီးသော browser အကုန်လုံးတွင် ထောက်ပံ့ပေးထားသောကြောင့် HTTPS ကိုအသုံးပြုရန်အတွက် မည်သည့် ဆော့ဝဲ မှ ထပ်ပြီး တပ်ဆင်ရန် မလိုအပ်ပါ။

ဝက်ဆိုက်တစ်ခုကို HTTPS ဖြင့်အသုံးပြုနိုင်ပါက ဝက်ဆိုင်လိပ်စာအစတွင် http:// အစား https:// ရိုက်ထည့်ပြီး ထို ဝက်ဆိုက်၏ ပိုမိုလုံခြုံသော ဗားရှင်းအားအသုံးပြုနိုင်ပါသည်။ ထို့အပြင် မိမိသုံးနေသော ဝက်ဆိုက်သည် လုံခြုံမှုရှိမရှိအား ဝက်ဆိုက်လိပ်စာ ဘားတန်းတွင် ကြည့်ပြီး https:// ဖြင့်စမစ စစ်ဆေးနိုင်ပါသည်။

ဝက်ဆိုက်တိုင်းတွင် HTTPS ဗားရှင်းမရှိကြပါ။ ပြောရရင် ၁၀ ရာခိုင်နှုန်းထက်နည်းမည်ထင်ပါသည်။ သို့သော် HTTPS ဗားရှင်း ရှိတဲ့အထဲတွင် နာမည်ကြီးသော ဝက်ဆိုက်အတော်အများတော့ပါပါသည်။ ဝက်ဆိုက်တစ်ခုကိုလည်း HTTPS နဲ့အသုံးပြုနိုင်အောင် ထိုဝက်ဆိုက်လွှင့်သူမှ အထူးပြုပြင်သတ်မှတ်ထားမှ ရပါသည်။ ထို့ကြောင့် အင်တာနက် လုံခြုံရေးဆိုင်ရာ ပညာရှင်များက ဝက်ဆိုက်လွှင့်သူများကို HTTPS အား အချိန်တိုင်းအသုံးပြုရန် နှိုးဆောင်လျှက်ရှိပါသည်။ ထိုကဲ့သို့ HTTPS ကိုထောက်ပံ့ပေးသောဝက်ဆိုက်များသည်လည်း တဖြည်းဖြည်း အရေအတွက် တိုးတက်လျှက်ရှိပါသည်။

ဝက်ဆိုက်တစ်ခုအား HTTPS ဖြင့်ဝင်မရပါက မိမိအသုံးပြုနေသော နက်ဝေါ့က ထိုဝက်ဆိုက်အား ပိတ်ဆို့ထားသည်ဟု မယူဆစေချင်ပါ။ ရိုးရှင်းစွာပဲ ထိုဆိုက်အနေဖြင့် HTTPS ကိုအထောက်အပံ့မပြုလုပ်ထားဘူးဆိုတာလည်းဖြစ်နိုင်ပါသည်။ သို့ပေမယ့် ထိုဝက်ဆိုက်အား HTTPS ဗားရှင်းဖြင့်ရသည်ကို သင်သေချာသိနေပေမယ့် ဝင်လို့မရပါက ဆက်သွယ်ရေးလမ်းကြောင်းများအား တစ်ယောက်ယောက်မှ အသေအချာ ပိတ်ဆို့မှုများပြုလုပ်ထားပါက လည်း error message များပေါ်လာနိုင်ပါသည်။

HTTPS ကိုထောက်ပံ့ပေးသော ဝက်ဆိုက်အချို့

HTTPS ကိုထောက်ပံ့ပေးထားသော နာမည်ကြီး ဝက်ဆိုက်အချို့ကိုအောက်တွင်ဖော်ပြထားပါသည်။ အချို့ဝက်ဆိုက်များတွင် HTTPS ဖြင့်အသုံးပြုနိုင်သလို မသုံးဘဲနှင့်ကြည့်လျှင်လည်းရနိုင်ပါသည်။ ထို့ကြောင့် HTTPS ၏ အကျိုးများကိုအပြည့်ရရန်အတွက် HTTPS ဗားရှင်းဖြင့်သာ ဝင်ရောက်ကြည့်ရှုသင့်ပါသည်။ 

ဝက်ဆိုက်အမည်
လုံခြုံမှုမရှိသော (HTTP) ဗားရှင်း လုံခြုံသော (HTTPS) ဗားရှင်း
Facebook
http://www.facebook.com/ https://www.facebook.com/
Gmail
http://mail.google.com/ https://mail.google.com/
Google Search
http://www.google.com/ https://encrypted.google.com/
Twitter http://twitter.com/ https://twitter.com/
Wikipedia http://en.wikipedia.org/ https://secure.wikimedia.org/wikipedia/en/wiki/
Windows Live Mail (MSN Hotmail) http://mail.live.com/
http://www.hotmail.com/
https://mail.live.com/

ဥပမာအားဖြင့် http://www.google.com  အစား https://encrypted.google.com  တွင် ရှာပါက နက်ဝေါ့ထိန်းသိမ်းသူအနေဖြင့် ဘယ်အကြောင်းအရာကိုရှာနေမှန်း မသိနိုင်တော့ဘဲ ၄င်းတို့မလိုလားသော စကားလုံးများမပါလာအောင် ပိတ်ဆို့ခြင်းများ မပြုလုပ်နိုင်ပါ။ အလားတူစွာပဲ http://twitter.com အစား https://twitter.com ဖြင့်အသုံးပြုပါက နက်ဝေါ့ထိန်းသိမ်းသူအနေဖြင့် မိမိဘယ် tweets တွေကိုဖတ်နေသည်၊ ဘယ် tags တွေကိုရှာနေသည်၊ ဘာတွေရေးတင်နေသည်၊ ဘယ်အက်ကောန့်ဖြင့်ဝင်နေသည် စသည်များကို မသိနိုင်ပါ။ (ဒါပေမယ့် နက်ဝေါ့ထိန်းသိမ်းသူအနေဖြင့် twitter အား https ဖြင့်မဝင်နိုင်အောင် ပိတ်ဆို့ထားနိုင်ပါသည်။

HTTPS နှင့် SSL

HTTPS သည် TLS (Transport Layer Security) သို့မဟုတ် SSL(Secure Sockets Layer)  ဟုခေါ်သော အင်တာနက်လုံခြုံရေးဆက်သွယ်စနစ်ကိုအသုံးပြုပါသည်။ ဝက်ဆိုက်တစ်ခုကို SSL သုံးထားသည်တို့ SSL ဆိုက်ဖြစ်သည်ဟု လူတွေပြောတာ ကြားဖူးပါလိမ့်မည်။ ဆိုလိုရင်းကတော့ ထိုဝက်ဆိုက်အား HTTPS ပံ့ပိုးပေးထားပြီး HTTPS မှကြည့်နိုင်သည်ဟု ဆိုလိုပါသည်။

HTTPS ကိုအသုံးပြု၍ ပိတ်ဆို့ခြင်းများကိုကျော်ဖြတ်သည့် နည်းပညာ

Encrypt လုပ်ထားသည့် အပိတ်အဆို့ကျော်ခွခြင်းနည်းပညာသည် HTTPS အသုံးပြုခြင်းကို အစားထားခြင်းမျိုးမဟုတ်ဘဲ အခြားသောရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်းဖြစ်သည်။

VPNs၊ ပရောက်စီနှင့် Tor အပါအဝင် အပိတ်အဆို့ကျော်ခွခြင်းနည်းလမ်းအများစုသည် ပိတ်ဆို့ထားသည့် ဆိုဒ်များကို ကြည့်ရှုရာတွင် ပိတ်ဆို့မှုကျော်ခွသည့် နည်းလမ်းကိုအသုံးပြုထားဆဲတွင် HTTPS ကိုအသုံးပြုပြီး ကြည့်ရှု၍ ရဆဲဖြစ်သည်။ ထိုနည်းလမ်းသည် လုံခြုံမှုကိုပိုမြှင့်တင်ပေးပြီး ပိတ်ဆို့မှုကျော်ဖြတ်ဖို့ဝန်ဆောင်ပေးသည့် provider ကိုပင် သင်ကြည့်ရှုအသုံးပြုနေသည်များကို မသိအောင် တားဆီးပေးနိုင်သည်။ ထို့ကြောင့် ဝန်ဆောင်မှုပေးသည့် Provider ကို (သို့မဟုတ် Provider အသုံးပြုသည့် ကွန်ယက်ကို) ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည့်တိုင် ထိုကွန်ယက်များ ပျက်ဆီး၍ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပေးလိုက်မည်ကို မစိုးရိမ်ရတော့ပေ။

Tor ကဲ့သို့သော ပိတ်ဆို့မှုကျော်ခွသည့်နည်းပညာ တီထွင်သူများသည် သူတို့ကိုယ်တိုင်က သုံးစွဲသူများကို စောင့်ကြည့်ခြင်းများမရှိစေရန် သုံးစွဲသူများအား https ဖြင့်အမြဲသုံးရန် တိုက်တွန်းကြသည်။ https://blog.torproject.org/blog/plaintext-over-tor-still-plaintext တွင် အသေးစိတ်ကိုဖတ်နိုင်ပါသည်။ မည်သည့် ပိတ်ဆို့မှုကိုကျော်ခွသည့် နည်းပညာကို သုံးနေသည်ဖြစ်စေ အခွင့်ရတိုင်း https သုံးခြင်းအလေ့အကျင့်သည် အမှန်ပင်ကောင်းသောအလေ့ဖြစ်ပါသည်။

HTTPS အသုံးပြုရန် လမ်းညွှန်ချက်များ

သင်မကြာခဏကြည့်ရှုနေကျ ဝက်ဆိုက်စာမျက်နှာကို နောက်တစ်ကြိမ်ပြန်ကြည့်ချင်လျှင် လိပ်စာအစအဆုံးရိုက်ရန်မလိုအောင် bookmark မှတ်သောအခါ မလုံခြုံသည့် (s မပါသော)ဗားရှင်းဖြင့် မမှတ်ထားပဲ လုံခြုံသည့် (s ပါသော)ဗားရှင်းဖြင့် မှတ်ထားပါ။

Firefox အသုံးပြုပါက https ဖြင့် အသုံးပြုနိုင်သည့် ဝက်ဆိုက်တိုင်းကို https ဖြင့် အလိုအလျောက် ကြည့်ရှုအသုံးပြုပေးမည့် extension ဖြစ်သည့် HTTPS Everywhere ကို ထည့်သွင်းထားပါ။ https://www.eff.org/https-everywhere/ တွင် ရနိုင်ပါသည်။

HTTPS အသုံးမပြုလျှင် ရင်ဆိုင်နိုင်ဖွယ် အန္တရယ်များ

HTTPS ဖြင့် အသုံးမပြုပါက ISP သို့မဟုတ် national firewall operator စသည့် သင်၏ ကွန်ယက်ထိန်းချုပ်သူများက သင်သွားရောက်ကြည့်ရှုသည့် စာမျက်နှာတိုင်းမှ အကြောင်းအရာများအပါအဝင် သင်လုပ်ကိုင်သမျှအရာတိုင်းကို မှတ်တမ်းသိမ်းဆည်းထားနိုင်ပါသည်။ ထို့နောက်တွင် ထိုအချက်အလက်များကိုအသုံးပြုပြီး စာမျက်နှာများကို ပိတ်ဆို့ခြင်း သို့မဟုတ် မှတ်တမ်းယူခြင်းများကို ပြုလုပ်ရင်း သင့်ကိုတားဆီးလာနိုင်ပါသည်။ ထိုစာမျက်နှာ အကြောင်းအရာများ၊ သတင်းအချက်အလက်များကို ပြင်ဆင်ဖျက်ပစ်ခြင်း၊ သင့်ကွန်ပျူတာထဲကို တိတ်တဆိတ် ဝင်ရောက်ကြည့်ရှုနိုင်သည့် ဆော့ဖ်ဝဲများထည့်သွင်းထားခြင်းများလည်း ပြုလုပ်နိုင်ပါသေးသည်။ ထိုအကြောင်းများအပြင် ထိုကွန်ယက်ကိုအသုံးပြုနေသည့် အခြားသောအသုံးပြုသူများကလည်း ကွန်ယက်ထိန်းချုပ်သူ မဟုတ်သည့်တိုင် ထိုအရာများကို ပြုလုပ်နိုင်ပါသည်။

 ၂၀၁၀ ခုနှစ်တွင် Firesheep ဟုခေါ်သည့် ပရိုဂရမ်တစ်ခုကိုအသုံးပြုခြင်းဖြင့် ကွန်ယက်ပေါ်မှာရှိသည့် အခြားသော အသုံးပြုသူများ၏ လူမှုရေးကွန်ယက်အကောင့်များကို အလွန်လွယ်ကူစွာ ရယူသွားနိုင်ကြောင်း စုံစမ်းသိရှိခဲ့ရသည်။ ထိုကဲ့သို့ လွယ်ကူစွာပြုလုပ်နိုင်ခြင်းမှာ Firesheep ကိုတီထွင်စဉ်က လူမှုရေးကွန်ယက်ဆိုက်များသည် HTTPS ဖြင့် အသုံးပြု၍မရသေးဘဲ အနည်းငယ်သောအချက်အလက်များကိုသာ ကာကွယ်ရန် ကန့်သတ်ထားခြင်းကြောင့်ဖြစ်သည်။ ထိုဖြစ်ရပ်သည် နိုင်ငံတကာမီဒီယာများတွင် ဂယက်ရိုက်သွားစေပြီး ဝက်ဆိုက်စာမျက်နှာများကို HTTPS ဖြင့်အသုံးပြုရန် သို့မဟုတ် HTTPS ဖြင့်အသုံးပြုလိုပါက ပြုနိုင်ရန်ရွေးချယ်မှုပေးခြင်းကို ထည့်သွင်းစေခဲ့သည်။ ထိုသို့သောအားဖြင့် နည်းပညာပိုင်းအားနည်းသူများအနေဖြင့်လည်း သူတို့ကိုယ်ပိုင်အကောင့်များကို အခြားသူများဖောက်ထွင်းအသုံးပြုခြင်းမှ ကာကွယ်ပြီးသားဖြစ်ခဲ့သည်။

၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် တူနီးရှားနိုင်ငံ၏ နိုင်ငံရေးလှုပ်ရှားမှုတစ်ခုအတွင်း တူနီရှားအစိုးရသည် Facebook မူလဆိုဒ်နဲ့ အသုံးပြုသူများအကြား ကြားဖြတ်ဝင်ရောက်ခြင်းဖြင့် အသုံးပြုသူများ၏ ပတ်စ်ဝေါ့များကို ခိုးယူခဲ့သည်။ Facebook ၏ လော့ဂ်အင် စာမျက်နှာကို ဆော့ဖ်ဝဲတစ်ခုဖြင့် ပြင်ဆင်လိုက်ခြင်းဖြစ်ပြီး အသုံးပြုသူများ ပတ်စ်ဝေါ့ရိုက်ထည့်ချိန်တွင် အစိုးရက ပတ်စ်ဝေါ့ကော်ပီများ ရယူသွားဖြင်းဖြစ်သည်။ ထိုသို့သော ပြင်ဆင်မှုသည် နည်းပညာပိုင်းအရ မည်သည့် နက်ဝေါ့အော်ပရေတာမဆို ကြိုက်ရာအချိန်တွင် လွယ်ကူစွာ ပြင်ဆင်ပြုလုပ်နိုင်သည်။ သိရှိရသလောက်ဆိုလျှင် တူနီရှားမှ HTTPS ဖြင့် Facebook အသုံးပြုသူများသည် ထိုတိုက်ခိုက်ခိုးယူမှုမှ လုံးဝလုံခြုံခဲ့ပါသည်။

HTTPS အသုံးပြုခြင်းဖြင့် ရရှိမည့်အကျိုးဆက်များ

ဖြစ်နိုင်လျှင် HTTP သုံးခြင်းထက် HTTPS ဖြင့်သုံးခြင်းကသာ ပိုမိုလုံခြုံပါသည်။ တစ်ခုခုအမှားအယွင်းရှိခဲ့လျှင်ပင် သင့်အဆက်အသွယ်များကို လျှို့ဝှက်ထောက်လှမ်းခြင်း သို့မဟုတ် စစ်ကြောခြင်းများ မပြုလုပ်နိုင်ပါ။ ထို့ကြောင့် HTTPS သုံးလို့ရမည်ဆိုလျှင် သုံးသာသုံးပါ (သို့သော် အချို့နိုင်ငံများတွင် encrypt ပြုလုပ် သုံးစွဲခြင်းကို ဥပဒေအရ တားမြစ်သည့်စည်းမျဉ်းများရှိနေသည်ကိုတော့ သတိပြုပါ)။ မည်သို့ဆိုစေ HTTPS က အပြည့်အဝ မကာကွယ်ပေးနိုင်သည့် အခြေအနေများလည်း ရှိနေပါသည်။

Certificate သတိပေးချက်များ

တခါတရံတွင် ဝက်စာမျက်နှာတစ်ခုကို HTTPS ဖြင့်ကြည့်ရှုရန်ကြိုးစားသောအခါ ဘရောက်ဇာက သင့်ကို ဝက်စာမျက်နှာ၏ ဒစ်ဂျစ်တယ်ဆာတီဖီကိတ်တွင် ပြဿနာရှိနေသည်ဟု သတိပေးချက်ပြသတတ်ပါသည်။ ထိုဆာတီဖီကိတ်သည် ချိတ်ဆက်မှု၏လုံခြုံရေးကို သေချာစေရန်အတွက် အသုံးပြုထားခြင်းဖြစ်သည်။ ထိုသတိပေးချက်သည် သင့်ကိုတိုက်ခိုက်ခံရမှုမှ လွတ်မြောက်ရန် ကာကွယ်ပေးခြင်း ဖြစ်သောကြောင့် လျစ်လျူမရှုလိုက်ပါနှင့်။ ဆာတီဖီကိတ် သတိပေးချက်ကို လျစ်လျူရှုကျော်လိုက်လျှင် ဝက်စာမျက်နှာကို ဆက်လက်ကြည့်ရှုအသုံးပြုနေနိုင်သော်လည်း HTTPS နည်းပညာဖြင့် သင့် ဆက်သွယ်ရေးလမ်းကြောင်းများကို ကာကွယ်ပေးရာတွင် အကန့်အသတ်ဖြစ်သွားပါလိမ့်မည်။ ထိုသို့သောအခါမျိုးတွင် သင်အသုံးပြုနေသော ဆိုက်သည် မူလ HTTP ဆက်သွယ်မှုလမ်းကြောင်းနှင့် ဘာမှပိုထူးခြားလုံခြုံမည်မဟုတ်ပါ။

ဆာတီဖီကိတ်သတိပေးချက်ကို မမျှော်လင့်ဘဲ တွေ့ရှိလိုက်ပါက ထိုဝက်ဆိုက်ကို ထိန်းချုပ်သည့် webmaster ထံ ထိုပြဿနာကို ဖြေရှင်းရန်တိုက်တွန်းခြင်း မေးလ်ဖြင့်အကြောင်းကြားပေးသင့်ပါသည်။

ဝဘ်ပရောက်စီအချို့ကဲ့သို့သော တစ်ခုချင်းသတ်မှတ်ထားသည့် HTTPS စာမျက်နှာကိုအသုံးပြုပါက ဆာတီဖီကိတ်အယ်ရာတွေ့ရှိနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော ထိုဆာတီဖီကိတ်သည် ကိုယ်တိုင်သတ်မှတ်ပေးရမည့်အရာဖြစ်ပြီး သင့်ဆက်သွယ်မှုလမ်းကြောင်းကို ကြားဖြတ်နိုင်ခြင်းရှိမရှိကို ဆုံးဖြတ်ပေးနိုင်သည့် အခြေခံအချက်ကို သင့်ဝက်ဘရောက်ဇာက ပံ့ပိုးပေးခြင်းမရှိသောကြောင့်ဖြစ်သည်။ ထိုသို့သော စာမျက်နှာများအတွက် အသုံးပြုချင်သည်ဆိုလျှင် ကိုယ်တိုင် ဆာတီဖီကိတ် သတ်မှတ်ပေးခြင်းမှလွဲ၍ အခြားရွေးရင်မရှိပါ။ သို့သော် အီးမေးလ်သို့မဟုတ် မက်ဆေ့ခ်ျကဲ့သို့သော အခြားလမ်းကြောင်းများမှတဆင့် ထိုဆာတီဖီကိတ်သည် သင်လိုချင်သော အရာဖြစ်ကြောင်း အတည်ပြုပေး၍လည်း ရသကဲ့သို့ အခြားကွန်ပျူတာအသုံးပြုပြီး အခြားအင်တာနက်ကွန်နက်ရှင်ဖြင့် ကြည့်လျှင်လည်း ထိုကဲ့သို့ အလားတူ ဖြစ်မဖြစ် စစ်ဆေးနိုင်ပါသည်။

ရောထွေးအကြောင်းအရာများ

ဝက်စာမျက်နှာတစ်ခုသည် ပုံမှန်အားဖြင့် အခြားသောစာမျက်နှာတစ်ခုချင်းစီမှ သီးခြားကူးပြောင်းလာသော အကြောင်းအရာများစွာတို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ တခါတရံတွင် တချို့သော အကြောင်းအရာများအတွက် HTTPS ဖြင့်အသုံးပြုနိုင်သော်လည်း တချို့သောအကြောင်းအရာများအတွက် မလုံခြုံသော HTTP ဖြင့်သာ အသုံးပြုနိုင်ခြင်းများရှိပါသည်။ ဥပမာ- ထိုစာမျက်နှာရှိ တချို့သော ရုပ်ပုံများအတွက်

 HTTP ဖြင့်သာကြည့်ရှုနိုင်ခြင်းမျိုးဖြစ်သည်။ ၂၀၁၁ ဖေဖော်ဝါရီတွင် ဝီကီပီးဒီးယား၏ လုံခြုံမှုရှိသော ဝက်စာမျက်နှာတွင် ထိုပြဿနာမျိုးဖြစ်ခဲ့သည်။ ဝီကီပီးဒီးယားတွင် စာများကို HTTPS အသုံးပြု၍ ကြည့်ရှုနိုင်သော်လည်း ရုပ်ပုံများကတော့ HTTP ဖြင့်သာ ကြည့်ရှုနိုင်ခဲ့ပြီး တချို့ရုပ်ပုံများသည် ပျောက်နေပြီး ပိတ်ဆို့ထားခြင်းလည်းခံရသည့်အပြင် မည်သည့် ဝီကီပီးဒီးယားစာမျက်နှာကို မည်သူဖတ်ရှုနေသည်ကိုပါ ပြသနေခဲ့သည်။

ဝက်စာမျက်နှာ၏ မလုံခြုံသော HTTP ဗားရှင်းအား ချိတ်ဆက်ခြင်း

အချို့စာမျက်နှာများသည် HTTPS ကို ကန့်သတ်မှုများဖြင့်အသုံးပြုကြပြီး အသုံးပြုသူက HTTPS ဖြင့် သီးသန့်ဝင်ရောက်သည့်တိုင် မလုံခြုံသည့် HTTP ဖြင့် ပြန်လည်သုံးစွဲရန် တွန်းအားပေးတတ်သည်။ ဥပမာအားဖြင့် အချို့ စာမျက်နှာများသည် အသုံးပြုသူက သူ၏ကိုယ်ပိုင် အချက်အလက်များ ရိုက်သွင်းရသည့် လော့ဂ်အင်ဝင်ချိန်စာမျက်နှာတွင် HTTPS ကို အသုံးပြုသော်လည်း လော့ဂ်အင်ဝင်ရောက်ပြီးသွား၍ အခြားစာမျက်နှာများဆီ ရောက်ရှိချိန်တွင် HTTP ကိုသာ ပြန်လည်အသုံးပြုစေသည်။ ထိုကဲ့သို့သော အပြောင်းအလဲသည် အသုံးပြုသူ၏ အချက်အလက်များကို စောင့်ကြည့်ရယူသွားနိုင်ပါသည်။ ထို့ကြောင့် စာမျက်နှာတစ်ခုကို ကြည့်ရှုနေစဉ်တွင် မလုံခြုံသောအခြေအနေသို့ ပြန်ရောက်သွားပါက သင်သည် HTTPS ဖြင့် ဆက်လက် ကာကွယ်ထားခြင်းမရှိတော့ဆိုသည်ကို သတိပြုသင့်ပါသည်။

HTTPS အားပိတ်ဆို့ထားသော networks နှင့် firewalls များ

စောင့်ကြည့်မှုများနှင့် ပိတ်ဆို့မှုများကို HTTPS က နှောင့်နှေးစေသဖြင့် တချို့သော ကွန်ယက်များသည် ဝက်စာမျက်နှာများအတွက် HTTPS ဖြင့်ဝင်ရောက်ခြင်းကို လုံးဝပိတ်ဆို့ထားပြီး HTTPS ကို အသုံးပြု၍မရအောင် ပိတ်ထားသည်။ ထိုအခါမျိုးတွင် ထိုကွန်ယက်များကို အသုံးပြုချိန်၌ ဝက်စာမျက်နှာများကို ကြည့်ချိန်တွင် မလုံခြုံသောအခြေအနေဖြင့် ကြည့်ရန်ကန့်သတ်ခံထားရနိုင်ပါသည်။ HTTPS ကို ပိတ်ထားသဖြင့် ထိုစာမျက်နှာကို ဝင်ရောက်ကြည့်ရှု၍ မရနိုင်ခြင်းဖြစ်တတ်ပါသည်။ HTTPS Everywhere သို့မဟုတ် ထိုကဲ့သို့သော ဆော့ဖ်ဝဲကိုအသုံးပြုထားပါက ထိုဆော့ဖ်ဝဲသည် မလုံခြုံသောချိတ်ဆက်မှုကို ခွင့်မပြုသဖြင့် အချို့စာမျက်နှာများကို လုံးဝဝင်ရောက်နိုင်မည်မဟုတ်ပါ။

သင့်ကွန်ယက်တွင် HTTPS ကိုပိတ်ဆို့ထားပါက ထိုကွန်ယက်ရှိ သင်ကြည့်ရှုလုပ်ကိုင်နေသမျှအားလုံးကို ထိုကွန်ယက်ထိန်းချုပ်သူက ကြည့်မြင်သိမ်းဆည်းနိုင်သည်ဟု ယူဆရပါမည်။ ထိုအခါတွင် တခြားပုံစံတစ်မျိုးဖြင့် encrypt လုပ်ပေးသည့် VPNs နှင့် SSH ပရောက်စီတို့ကဲ့သို့ အခြားသော အပိတ်အဆို့ကျော်ခွသည့် နည်းပညာများကို အသုံးပြုနိုင်သည်။

စိတ်ချမှုမရှိသော ကွန်ပျူတာမှ HTTPS အသုံးပြုခြင်း

HTTPS သည် အင်တာနက်ပေါ်တွင် အသုံးပြုနေသည့် သင်၏ဆက်သွယ်မှုလမ်းကြောင်းများရှိ အကြောင်းအရာများကိုသာ အကာအကွယ်ပေးပါသည်။ သင်၏ ကွန်ပျူတာ သို့မဟုတ် ကွန်ပျူတာထဲမှအချက်အလက်များ သို့မဟုတ် ဟာ့ဒစ်ကို ကာကွယ်မပေးပါ။ သင်အသုံးပြုနေသည့် ကွန်ပျူတာသည် အများနှင့်ဝေမျှသုံးရတာမျိုး သို့မဟုတ် မလုံခြုံခြင်းဖြစ်လျှင် စောင့်ကြည့်နေသည့် ထောက်လှမ်းနေသည့် ဆော့ဖ်ဝဲများ သို့မဟုတ် မလွတ်ကင်းသည့် စကားလုံးများကို ပိတ်ဆို့မှတ်တမ်းတင်ခြင်းများပြုလုပ်သည့် ဆင်ဆာဆော့ဖ်ဝဲများ ရှိနေနိုင်ပါသည်။  ထိုအခါတွင် ကွန်ယက် ဖိုင်းယားဝေါလ်ပေါ်မှာ မဟုတ်ဘဲ သင်၏ ကွန်ပျူတာထဲတွင်ပင် စောင့်ကြည့်ဆင်ဆာဖြတ်ခြင်းများ ဖြစ်နေပြီ ဖြစ်သဖြင့် HTTPS မှ ပေးသည့် ကာကွယ်မှုသည် သိပ်အသုံးမကျတော့ပါ။ 

HTTPS certificate စနစ်၏ ဟာကွက်များ

HTTPS ဆက်သွယ်မှုများကို သက်သေပြသည့် public-key infrastructure (PKI) ဟုခေါ်သော ဆာတီဖီကိတ်ထိန်းချုပ်မှုနဲ့ ပတ်သက်ပြီး ပြဿနာတချို့ရှိပါသည်။ ဆိုလိုသည်မှာ ကျွမ်းကျင်မှုပြည့်ဝသည့် တိုက်ခိုက်သူသည် မူလရင်းမြစ်ကို သေချာတိကျစွာ သိနေပါက တိုက်ခိုက်နေစဉ်အတွင်း သင့်အားမည်သည့် အကြောင်းကြား သတိပေးခြင်းမှ မရှိဘဲ ဝက်ဘရောက်ဇာပေါ်တွင် လှည့်ဖျားလိုက်နိုင်ပါသည်။ ထိုကဲ့သို့သော အဖြစ်မျိုး ဖြစ်ပျက်ခဲ့သည့် မှတ်တမ်းတော့ ယခုထက်တိုင်မရှိသေးပါ။ သို့သော် HTTP ကို အသုံးပြုခြင်းထက် HTTPS ကို အသုံးပြုခြင်းသည် အဆိုးဆုံး ကိစ္စများတွင်ပင် လုံခြုံနိုင်သဖြင့် ထိုအကြောင်းသည် HTTPS ကို အသုံးပြုခြင်းမှ ရှောင်ရှားရန်အကြောင်းပြချက်တစ်ခု မဟုတ်ပါ။

BASIC TECHNIQUES